သဘောထားအမြင်
ပြည်တွင်း အငတ်ဘေး ဆန္ဒပြပွဲ ပြည်ပက သူတို့ရဲ့ အမြင်
သြဂုတ် ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။
မခင်ဥမ္မာ
(ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေး)
ကျမ အမြင်ကတော့ အခုဒီလက်ရှိ ဖြစ်သွားတဲ့ ပြဿနာ ဆိုလို့ရှိရင် နအဖက တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ စီမံခန့်ခွဲမှု မလုပ်နိုင်ဘူး ဆိုတာကို သက်သေ ပြလိုက်တာပဲ ဖြစ်တယ်။ တချိန်ထဲမှာပဲ ပြည်သူလူထုက သူတို့ရဲ့ ငတ်မွတ်ခေါင်းပါးနေတဲ့ စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရတဲ့ အနေအထားမှာနေ့တိုင်း သူတို့ ဖြတ်သန်းနေရတဲ့ စီးပွားရေး၊ လူမှုရေး၊ ဒုက္ခတွေက သီးခံနိုင်မှု အတိုင်းအတာ ကျော်သွားပြီလို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ အခုလိုမျိုး နအဖဘက်ကနေပြီးတော့ ဒီလို လူထုဘ၀ အကြပ်အတည်း စိတ်ဒုက္ခ ရောက်နေတာကို ထပ်ပြီးတော့မှလုပ်တဲ့ကိစ္စတွေက ပြည်သူတွေ ဒီထက်ပိုပြီးတော့ မခံနိုင်တဲ့အချိန်၊ အဲဒီအပေါ်မှာ ပြည်သူက သူတို့ရဲ့အခြေအနေ၊ သူတို့ စိတ်ထဲမှာမကြေနပ်မှု၊ သူတို့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဥစ္စာကိုသူတို့က ထုတ်ဖေါ်ပြောပြတာပဲလေ။
လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ၏ ညွန်ကြားရေးမှုး ကိုအောင်မျိုးမင်း
လူတွေမှာစားဝတ်နေရေးဖူလုံမှုရှိရမယ်။ လူ့အခွင့်အရေး တရပ်အနေနဲ့ လူတွေမှာကြောက်ရွံ့ခြင်းအားဖြင့်ကင်းဝေးမှုရှိရမယ်။ တောင့်တခြင်း အားဖြင့် ကင်းဝေးမှုရှိရမယ်။ အခုတလောလက်ရှိ အခြေအနေကဆီဈေးတွေတက်တဲ့၊ နောက်တနေ့ထမင်းငတ်မလား၊ နောက်တနေ့ အဆင်ပြေပါ့မလား။ ကလေးတွေအတွက် ရှေ့ဆက်ပြီးတော့ဘယ်လိုစိုးရိမ် ပူပင်ရပြီးတော့ လူတယောက်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးထိခိုက်တယ်။ ဒီစားဝတ်နေရေး ထိခိုက်မှုဟာလူ့ရဲ့အခြေခံ လူ့အခွင့်အရေးကိုထိခိုက်တယ်လို့ ကျနော်တို့သတ်မှတ်တယ်။ တချက်တည်းမှာပဲ ဒီလိုမျိုး ဒုက္ခရောက်နေတဲ့ဟာကို လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ခွင့်ရတဲ့လူတွေကို ဖမ်းဆီးမှုရှိမယ်ဆိုရင်တော့ ဒီလိုမျိုးမှာ အခြေအနေ ပေါက်ကွဲမှုကြီး တခုဖြစ်လာနိုင်တယ်။ လူတွေက သာမန်လူ့အခွင့်အရေးကို လိုလားတဲ့အတွက် ဒါတွေကိုတောင်းဆို တယ်၊ အဲဒါကိုအစိုးရက အကြမ်းဖက်နှိမ်နှင်းလို့ ရှိရင်တော့ ငြိမ်းချမ်းစွာတောင်းဆိုမှုဟာ တခြားမလိုလားအပ်တဲ့ တခြားနည်းလမ်းတွေ ရောက်သွားမှာ ကျနော်တို့ အများကြီးစိုးရိမ်မိတယ်။
ကေအန်ယူ အထွေထွေအတွင်းရေးမှုး - ဖဒိုမန်းရှာ
ဒီလို ကုန်ဈေးနှုန်းကြီးတာ ငွေကြေးဖောင်းပွတာ၊ နောက်ဆုံး အခုဆီဈေး တက်ပြီးတော့ (မြန်မာကျပ်) ငွေတန်ဖိုး ထပ်ကျလာလိမ့်မယ်။ ကုန်ဈေးနှုန်းတွေ ထပ်ပြီးတော့ ကြီးလာလိမ့်မယ်။ ဒါတွေ အားလုံးဟာ မြန်မာပြည်ထဲမှာ အာဏာရှင်စနစ် ဖြစ်လာပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးအရ ပြည်သူကို ရက်ရက်စက်စက် ဖိနှိပ်တယ်။ စီးပွားရေးအရပဲ ကြည့်ကြည့်၊ ရက်ရက်စက်စက် ဖိနှိပ်တယ်ပါတယ်။ အဲဒီအပေါ်မှာ အခြေခံ ပြီးတော့ ထွက်လာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ ဒီကိစ္စ အားလုံးဟာ အာဏာရှင် စနစ်ရဲ့ အကျိုးရလဒ်တွေ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေဟာ မခံရပ်နိုင်တော့တဲ့ အတွက်ကြောင့် လူထုလှုပ်ရှားလာတာ၊ ဒါ တော်တော့ကို မှန်ကန်တဲ့ကိစ္စတခုပဲ။ မဟုတ်လို့ ရှိရင်တော့ ကျနော်တို့ တိုင်းပြည်ဟာ စစ်ကျွန်အဖြစ်နဲ့ ဘယ်တော့မှ နလန်ထူနိုင်တော့မှာ မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း အကြီးအကျယ်ရှက်စရာ ကောင်းတော့မှာပဲ အဲဒီလိုပဲ ကျနော်တို့ကမြင်တယ် ။
မြန်မာ့အရေးလေ့လာသူ ကိုအောင်နိုင်ဦး
မြန်မာပြည်မှာ ဓါတ်ဆီဈေးတွေ တက်တာဆိုတာ ဘာမှတော့ မဆန်းဘူးလေ။ မြန်မာပြည်မှာ သူဟာနိုင်ငံတကာဈေးနဲ့ စာလို့ရှိရင် နည်းနေတာကိုး။ ဆိုတော့ တက်တယ် ဆိုတာ မဆန်းဘူး။ အဲဒါ စီးပွားရေး သဘောအရ ပြောရမယ်ဆိုလို့ရှိရင် ဒီဥစ္စာတွေဟာ အစိုးရက ဈေးလျော့ထားသင့်တဲ့ ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ အစိုးရရဲ့လုပ်ပုံကိုင်ပုံတွေက တော်တော့ကို မှားယွင်းနေတော့တော်တော့်ကို ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုး ပေါက်တာပေါ့။ ဆိုတော့ အဲဒီအပေါ်မှာ ဆီဈေးတွေတက်တော့၊ အကုန်လုံး ကုန်ဈေးနှုန်းတွေလည်းလိုက်တက်။ လူတွေက ဒုက္ခရောက် အစကတည်းက ဒုက္ခရောက်နေတဲ့ဥစ္စာ၊ ပိုဒုက္ခရောက်ပေါ့ ဆိုတော့ ဒီအပေါ်မှာ မကြေနပ်မှုတွေ ပိုများလာတဲ့ သဘောပေါ့။
ဦးကျော်သန်း
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်)
ဆန္ဒပြတာတွေ ဖြစ်ကြမှာပဲပေါ့၊ မြန်မာပြည်ထဲမှာလူတွေက ဒီလောက်ထိ လူတွေကစားစရာမရှိ၊ သောက်စရာမရှိ၊ ဒီကြားထဲ နေ့စဉ်ကြောက် လန့်နေရတယ်။ ထောက်လှန်းရေးကြောက်ရ၊ ကြံ့ဖွံ့ကြောက်ရ အကုန်ကြောက်လန့်နေရတဲ့ဘ၀ ဘယ်သူကပျော်မလဲ။ လူတိုင်းစိတ်ထဲမှာ ရှိနေမှာပဲ။ သူတို့ ရက်စက်လွန်းလို့၊ ဖိနှိပ်လွန်းလို့သာ ဒီလိုနေနေတာ အခွင့်အရေးရရင်တော့တော်လှန်မှာပါပဲ၊ အခုလည်းဒီသဘောကြောင့် သာ ဒီဆန္ဒပြတာတွေဖြစ်တာပဲ၊ စစ်အုပ်စုက သူတို့အချိုးကို မပြင်ရင်ဆက်ဖြစ်နေမှာပဲ၊ တိုင်းပြည်ထဲမှာ ဖြစ်နေတာတွေက ၈၈ တုန်းက အခြေအနေမျိုးလို ဖြစ်နေတာပဲ၊ လူအုပ်စုတွေ၊ လူအုပ်စုတွေအများကြီးနဲ့ ကိုထင်ကျော်တို့လို လူတွေ၊ တခြား၊ တခြားသောဆိုရှယ်၊ လူမှုရေး လုပ်ငန်း အဖွဲ့တွေက လူထုကို ကူညီတာကိုတောင် နှောင့်ယှက်ခံနေရတာကို ဆိုတော့ သူတို့ စိတ်တွေထဲမှာလည်း မကျေမနပ် ဖြစ်တာပေါ့၊ ကြားသိတဲ့ လူတွေကလည်း မကျေမနပ် ဖြစ်လာတော့တာပေါ့။ လူထုအားလုံး မကျေနပ်တော့ဘူး ဆိုတာ သူတို့သိတာပဲ။ အရေးကြီးတာက ဒေါ်အောင်ဆန်း စုကြည် လမ်းဖွင့်ပေးထားတဲ့ စေ့စပ် ဆွေးနွေးရေး လမ်းစဉ်ထဲ သူတို့ ၀င်ဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် တိုင်းပြည် တွက်လည်း ကောင်းမှာ မဟုတ်တော့ဘူး၊ ၈၈ ထက်ဆိုးမယ့် အနေအထားဘက်ကိုသာ ဦးတည်နေတာပဲ။ အခြေအနေပေးတာနဲ့ ၈၈လိုမျိုး လူထုအုံကြွမှု တခုဖြစ်အောင် လူတိုင်းကပြင်ဆင်နေကြတာပဲ၊ လှုံဆော်နေကြတာပဲ စစ်အုပ်စုကလည်းဒါတွေကို သိနေတာပါပဲ။
ဦးအုန်း
(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ - အနောက်ပိုင်းတိုင်း)
ကျောင်းသားတွေ ဒီလို ဆန္ဒပြကြတာတွေကို ပြည်တွင်းက အန်အယ်လ်ဒီတွေ အနေနဲ့ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသည် ပြည်သူလူထုရဲ့ အခွင့်အရေးပဲလို့ ပြောကြတယ်။ နအဖလက်ထက်မှာ တက်ပြီးသားဈေးနှုန်းတွေ ဘယ်တော့မှပြန်ကျလာမှာ မဟုတ်ပါဘူး။ တက်ပြီးရင်း တက်ရင်းသာ ဖြစ်လာမှာပါ။ ပြည်သူလူထုတွေ အနေနဲ့လည်း စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တဲ့ နည်းလမ်းကိုရှာရမှာပဲ၊ ကုန်ဈေးနှုန်းကျဆင်းမှု အရေးသည် ဒီနည်းလမ်းကို သုံးမှသာဖြစ်မှာပါ။ ဆက်ပြီးတော့ ဆန္ဒပြနေမယ့် တောင်းဆိုနေမှာပဲလို့ ထင်တယ်။
လူ့အခွင့်အရေး ဆောင်ရွက်နေသူများအား ထောင်ဒဏ်စီရင်ခြင်းကိုလက်မခံနိုင်
ဒီဗီ်ွဘီ၊ ၂၅ ဇူလိုင်၊ ၂၀၀၇
လူ့အခွင့်အရေးလုပ်ငန်းတွေကို ငြိမ်းချမ်းစွာဆောင်ရွက်နေတဲ့ ကိုမြင့်နိုင်အပါအ၀င် (၆)ဦးအား အာဏာပိုင်တွေက ထောင်ဒဏ်စီရင်ချက် ချလိုက်ခြင်းဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ လူ့အခွင့်အရေးကာကွယ်မြှင့်သူများ (အိပ်ခ်ျအာဒီပီ)က ဒီကနေ့ထုတ်ဖေါ်ပြောကြားလိုက်ပါ တယ်။
ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါအချက်တွေကို လူထုသိအောင် ငြိမ်ချမ်းစွာ လိုက်လံရှင်းပြနေသူ တွေကို ခုလိုထောင်နှစ်ရှည်ချလိုက်တာဟာ အာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးတွေဆောင်ရွက်တာကို လုံးဝမလိုလားဘူးဆိုတာသက် သေပြနေတာပဲဖြစ်တယ်လို့ အိပ်ခ်ျအာဒီပီ ဦးဆောင်သူဖြစ်တဲ့ ဦးမြင့်အေးက ခုလိုထောက်ပြ ဝေဖန်လိုက်ပါတယ်။
``ကျနော်တို့က ဒီ ဦးမြင့်နိုင်ဆိုတာက လူ့အခွင့်အရေးသက်သက်ကိုသာလှုပ်ရှားတဲ့သူ ပါ၊ လူ့အခွင့်အရေးသက်သက်ကိုပဲ ဆောင်ရွက်တဲ့ အိပ်ခ်ျအာဒီပီတစ်ယောက်ပါ။ သူ့လုပ်ရပ်ကို ပြန်ပြီးဆန်းစစ်ကြည့်ရင် သူက ဥပဒေအပြင်ဘက်မှာနော် ဘာတွေဆောင်ရွက်သလဲ။ ဒီမှာ လူ့အခွင့်အရေးအချက်(၃၀)နဲ့ လွတ်ပြီးတော့ ဘာတွေများဆောင်ရွက်ခဲ့သလဲ၊ ဒါတွေကျနော် တို့လေ့လာကြည့်တဲ့အခါကျတော့ ဒီလူ့အခွင့် အရေးအချက်(၃၀)ပြင်က ကိစ္စတခုမှမရှိဘူး၊ သူကလူတွေကိုကူညီတယ် လူတွေကိုအားပေးတယ်ပေါ့နော် လူ့အခွင့်အရေးနဲ့အညီ ရပ်တည် ဆောင်ရွက်နိုင်ကြဖို့ ဒါကိုသူညွှန်ပြတာ အဲ့တော့ ကျနော်တို့က တကယ်တမ်းဒီဖြစ်စဉ်ကြီး တစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် ဒီဧပြီလ (၁၇၊ ၁၈)ရက်မှာ လူတွေက ကျနော်တို့ကို အားပေးတယ်။ လူ့အခွင့်အရေးတွေကို စိတ်ဝင်စားလာကြတယ်။ အဲ့ဒီ့အပေါ်မှာ မခံမရပ်နိုင် ဖြစ်လာ ကြတယ်၊ လက်မခံနိုင်ဖြစ်လာကြပြီးတော့ လူတရာလောက်ကနေ အဲဒီ့လူတွေကို ၀ိုင်းရိုက်တယ်၊ အိပ်ခ်ျအာဒီပီတွေကိုဝိုင်းရိုက်တာ ဖြစ်စဉ် က ဒါပဲဒါကို ကျနော်တို့ စစ်ဆေးတဲ့ နေရာမှာ ဒီစစ်ဆေးတွေ့ရှိချက်တွေအရ ပြစ်မှုမြောက်တဲ့အနေအထားမရှိဘူး၊ ပြစ်ဒဏ်ချတဲ့နေရာမှာ လဲ ရက်ရက်စက်စက် အမြင့်ဆုံးပြစ်ဒဏ်ကို အရှည်ဆုံးဆွဲဆန့်ပြီးတော့ သီးခြား(၈)နှစ် ပေးလိုက်တာကတော့ တရားလွန်တယ်၊ လက်ခံ နိုင်စရာမရှိဘူး။ မြန်မာပြည်မှာလူ့အခွင့်အရေး ဆောင်ရွက်တဲ့ကိစ္စတွေမှန်သမျှဟာ အနှောင့်အယှက်ခံနေရတယ် အနှိပ်အကွပ်ခံနေရတယ်၊ ရက်ရက်စက်စက် ပြစ်ဒဏ်ပေးတာကို ခံနေရတယ်ဆိုတာက ကျနော်မြင်ပါတယ်။´´
လူ့အခွင့်အရေးလုပ်ငန်းဆောင်ရွက်သူတွေနဲ့ ထောက်ခံသူတွေကို ထောင်ချလိုက်တာဟာ အိပ်ခ်ျအာဒီပီ လုပ်ငန်းတွေဆောင်ရွက်ဖို့ အဟန့် အတားဖြစ်စေပါသလားလို့ မေးကြည့်အခါ ဦးမြင့်အေးက ခုလိုသုံးသပ်ဖြေဆိုသွားပါတယ်။
``ဖြစ်နိုင်တာပေါ့၊ ဖြစ်နိုင်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လူတွေကြားထဲမှာ လူထုနဲ့အလုပ်လုပ်ရတဲ့ကိစ္စပါ ကျနော်တို့ဘယ် နိုင်ငံရေးအယူအဆနဲ့မှ ကျနော်တို့ရပ်တည်တာမဟုတ်ဘူး၊ ဘယ်နိုင်ငံရေး ဘက်လိုက်မှုမှ ကျနော်တို့ မရှိဘူး။ ကုလသမဂ္ဂပြဌာန်းချက်ဖြစ် တဲ့ အထွေထွေညီလာခံရဲ့(၃)ချက်ရဲ့ တချက်ဖြစ်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်ကိုင်ပြုပြီးသွားနေခြင်းဖြစ်တယ် လူထုကို အသိပေးနေခြင်းသာ ကျနော်တို့က ဖြစ်တယ် အဲ့တော့ ကျနော်တို့က လူတွေနဲ့ဆက်ဆံရမယ် လူတွေကိုကြောက်သွား လန့်သွားအောင် ဟန့်တားတယ်၊ ရိုက်တယ်၊ ဖမ်းတယ်၊ ဆီးတယ်၊ တရားစွဲတယ် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ဖျက်ဆီးဖို့အဓိကဆိုတဲ့ အတွေး အခေါ်မျိုးနဲ့ လုပ်တာကတော့ ကျနော်တို့ပြည်သူလူထုရဲ့ ထိတ်လန့်ကြောက်ရွံ့မှုဟာ ပိုပြီးတော့ကြီးထွားလာစရာရှိတယ် ကျနော်တို့ကို ပိုပြီးနှိပ်ကွပ်လာတယ် အဲ့တော့ဘာတွေ ဆက်ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ ခံရတာအကြောင်းမဟုတ်ဘူး၊ ကျနော်တို့ထောင်ကျတာ က အကြောင်းမဟုတ်ဘူး အဲဒီ ကျနော်တို့နဲ့ ပတ်သက်ခဲ့သမျှ ကျနော်တို့ကရိုက်တ်ပါ၊ ရိုက်တ်ပါလို့ အခွင့်အရေးပေးပါလို့ ပြောခဲ့သမျှ အခွင့်အရေးဆုံးရှုံးနေတဲ့ ပြည်သူတွေအတွက် ကျနော်တို့က စိုးရိမ်တဲ့အတွက် ဒီအလုပ်ကို နည်းနည်းစဉ်းစားရမလိုဖြစ်နေပါတယ်။´´
အာဏာပိုင်တွေဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေဖြစ်ကြတဲ့ ဟင်္သာတက ကိုမြင့်နိုင်နဲ့ တလုပ်ထော်ကျေးရွာက ကိုကျော်လွင်၊ ထောက်ခံအားပေးသူတွေဖြစ်ကြတဲ့ အုပ်ပုံကျေးရွာက ဒေသခံ(၄)ဦး၊ စုစုပေါင်း (၆)ဦးကို မနေ့ကပဲ ထောင်(၄)နှစ်ကနေ (၈)နှစ်အထိ ချမှတ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာနမြန်မာနိုင်ငံ (အိပ်ခ်ျအာအီးအိုင်ဘီ)ကလဲ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
``ဘာလို့လဲဆိုင်ရင်တော့ ဒီလိုမျိုးလူ့အခွင့်အရေးပညာပေးတယ်ဆိုတာ နိုင်ငံကောင်းကျိုးပဲဖြစ်တယ်၊ လူထုက လူ့အခွင့်အရေးအကြောင်း ပိုပြီးသိလာလေလေ တိုင်းပြည်ဟာ ပိုပြီးအဆင်ပြေလာလေလေ တိုင်းပြည်မှာလူ့အခွင့်အရေးရှိမှု ထွန်းကားလေလေဖြစ်တယ်။ အဲဒါမျိုး လုပ်ဖို့ အစိုးရကလည်းတာဝန်ရှိတယ်။ ဒါပေမဲ့ အစိုးရကမလုပ်တဲ့အပြင် ဒီလိုမျိုး တဖက်တလမ်းက လူ့အခွင့်အရေးပညာပေးသူတွေကို ထောင်သွင်းအကျဉ်းချခြင်းက ကုလသမဂ္ဂရဲ့ချမှတ်ထားတဲ့ ပဋိညာဉ်မူ စာချုပ်ထဲမှာပါတဲ့အချက်တွေကိုလဲ ထိခိုက်ရာရောက်တယ်။ ကမ္ဘာ့ အလယ်မှာ လူ့အခွင့်အရေးကို မလေးစားတဲ့နိုင်ငံတရပ်နေနဲ့လဲ ဖြစ်စေတဲ့အတွက် ကျနော်တို့အပြင်းအထန် ရှုတ်ချတာဖြစ်ပါတယ်။´´
(HREIB) ဒါရိုက်တာ ဦးအောင်မျိုးမင်းဖြစ်ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီးဆိုးရွားလာနေတယ်လို့လဲ ဦးအောင်မျိုးမင်းက အခုလိုထောက်ပြပြောပြ သွားပါတယ်။
``လူ့အခွင့်အရးအခြေအနေက ကျနော်တို့ပြောမယ်ဆိုရင် ပိုပြီးတော့ဆိုးရွားလာနေတယ်လို့ ပြောလို့ရပါတယ်။ အခုဒီမှာ နိုင်ငံရေးအရ အခုလိုငြိမ်းချမ်းစွာလှုံ့ဆော်နေသူတွေကို နှောင်ယှက်မှုတွေဖြစ်လာတယ်၊ နောက်တခါ ဒီလိုမျိုးပညာပေးတဲ့သူတွေကို အရေးယူမှုတွေ ပိုမိုပြင်းထန်လာတယ်၊ နောက်တခါ ဒီလူ့အခွင့်အရေးကို လေ့လာတဲ့သူတွေကိုပါ နှောင့်ယှက်ပေးမှုတွေဖြစ်လာတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ နယ်စပ်ဒေသတွေမှာဆိုရင်လဲ လက်နက်ကိုင်တိုက်ပွဲလေးတွေ ပြန်ဖြစ်လာတာကတော့ လူ့အခွင့်အရေးများထပ်ပြီး ချိုးဖောက်မှု တွေ ရှိလာတယ်လို့ ကျနော်ပြောလို့ရပါတယ် အဲဒီတော့ ပြည်တွင်းမှာတင်မကဘဲ ပြည်ပနယ်စပ်တလျှောက်မှာ လူ့အခွင့်အရေး အဆက်ရှိနေတာ ကျနော်တို့အတွက် ရင်လေးစရာကောင်းတဲ့ အခြေအနေဘဲဖြစ်ပါတယ်။´´
(HREIB)အနေနဲ့ထောင်ချထားတဲ့ ကိုမြင့်နိုင်တို့(၆)ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လဲ ဒီကနေ့တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံ တကာ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေအနေနဲ့လဲ ကိုမြင့်နိုင်တို့အဖွဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ကိစ္စကို အာရုံစိုက်ဖို့တောင်းဆိုထားတဲ့ အပြင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီးအနေနဲ့လဲ သူတို့လွတ်မြောက်ရေးဆောင်ရွက်ပေးဖို့လူ့အခွင့်အရေးပညာပေး ဌာနမြန်မာနိုင်ငံ(HREIB)ရဲ့ ကြောညာချက်မှာ တောင်းဆိုထားပါတယ်။
RFA အင်တာဗျူး
(ဇူလိုင်လ၊ ၂၅ ရက်၊ ၂၀၀၇)
RFA ။ ။
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်။ အုတ်ပုံကျေးရွာနှင့် အင်္ဂပိုကျေးရွာတွေမှာ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေလုပ်ခဲ့တဲ့သူတွေကို ရပ်ကွက် တည်ငြိမ်မှုပျက်ပြားအောင်လုပ်တယ်ဆိုပြီးတော့ အာဏာပိုင်တွေက ထောင်ဒဏ်အသီးသီးတွေ ချမှတ်ခဲ့တဲ့အပေါ်မှာ ထိုင်းနယ်စပ် အခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ မြန်မာနိုင်ငံက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
မြန်မာပြည်အတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေဖြစ်ကြတဲ့ (HRDP) ခေါ် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့က ဦးမြင့်လှိုင်ခေါ် ဦးမြင့်နိုင်ကို ထောင်ဒဏ်(၈)နှစ်နှင့် တခြားအဖွဲ့ဝင်ငါးဦးကို ထောင်ဒဏ်(၄)နှစ်စီ မနေ့ကချမှတ်ခဲ့တဲ့အတွက် မိမိတို့အဖွဲ့က စစ်အစိုးရကို ရှုတ်ချကြောင်းနဲ့ ဒီကိစ္စအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုင်ကြားပြီးအကူအညီရယူမယ်လို့ ထိုင်းနိုင်ငံ အခြေစိုက်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက (RFA)ကို ပြောခဲ့ပါတယ်။
ဦးအောင်မျိုးမင်း
လူ့အခွင့်အရေးပညာပေးမှုဆိုတာ အစိုးရတရပ်ရဲ့တာဝန်ဖြစ်တယ်၊ အစိုးရတရပ်ကဒါကို ပျက်ကွတ်ရုံမကပဲ လူ့အခွင့်အရေးပညာပေးတဲ့ သူတွေကို ဒီလိုမျိုး တခြားနည်းနဲ့ ပိတ်ပင်ပြီးတော့ ထောင်ချမှုဖြစ်တယ်ဆိုတာဟာ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံကမှလက်မခံနိုင်တဲ့။ လက်မခံ သင့်တဲ့အကြောင်းအရာဖြစ်တယ်၊ ဒါကိုကုလသမဂ္ဂကို ကျနော်တင်ပြဖို့ရှိတယ်။ အထူးသဖြင့် ဒီလိုမျိုး လူ့အခွင့်အရေးကိစ္စကို ကိုယ့်အခွင့် အရေးအတွက် လုပ်လာတဲ့သူတွေ ဒီအကြောင်း အရာကို သူများသိအောင်လုပ်တဲ့လူတွေအပေါ်မှာ ပိုပြီးတော့အန္တရာယ်ကျရောက်တာဖြစ် တယ်၊ အဲဒီတော့ဒီကိစ္စဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကာကွယ်ပေးဖို့ အခွင့်အရေးဆိုင်ရာနဲ့ပတ်သက်လာတဲ့အတွက် ဒီဟာနဲ့ပတ် သက်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွေကို ကျနော်တို့တင်ပြနေတယ်၊ နောက်တချိန်ထဲမှာပဲ နိုင်ငံအသီးသီးမှာ ရှုတ်ချတဲ့အနေနဲ့ အစိုးရကိုဖိအားပေးဖို့ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိပါတယ်။
RFA
ပြီခဲ့တဲ့ ဧပြီလ ၁၇၊ ၁၈ ရက်တွေတုံးက ဧရာဝတီတိုင်းမှာ လူ့အခွင့်အရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တဲ့ ဦးမြင့်နိုင်နဲ့အဖွဲ့ကို အများပြည်သူ အနှောက်အယှက်ဖြစ်မှုနဲ့ တရားစွဲတဲ့အကြောင်း သက်ဆိုင်ရာက ဧပြီလ၂၄ရက်မှာ သတိပေးခဲ့ပြီး မေလ ၂ ရက်နေ့မှာတော့ ဟင်္သာတ မြို့နယ်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ပါတယ်ခင်ဗျား၊ အဲဒီနောက်ဥပဒေပုဒ်မ ၅၀၅ နှင့် အများပြည်သူ တည်ငြိမ်မှုပျက်ပြားစေတယ်ဆိုပြီး မနေ့က ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်၊ အခုထုတ် ပြန်ခဲ့တဲ့ လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ ကုလ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းကို အပြည့်အ၀လေးစားလိုက်နာ ဖို့တာဝန်ရှိတယ် ဒါကြောင့် ဦးမြင့်နိုင်၊ ဦးမြစိန်၊ ဦးကျော်လွင်၊ ဦးမြင့်၊ ဦးဝင်းနှင့် ဦးလှစိန်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုထား ပါတယ်ခင်ဗျာ။
ဒီကိစ္စနှင့် ပတ်သက်ပြီး (HRDP)အဖွဲ့ကို ထူထောင်သူတဦးဖြစ်တဲ့ ဦးမြင့်အေး ကို ဒေါ်နမ်းခမ်းထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုမြင်နိုင်တို့ (၈)နှစ်နှင့် နောက်တခြားလူတွေကို စီရင်ချက်ချလိုက်တဲ့ အပေါ်မှာလေ ဦးမြင့်အေးရဲ့ အမြင်လေး ကျမတို့ သိချင်လို့ပါ၊
ဦးမြင့်အေး
လူ့အခွင့်အရေးဆောင်ရွက်ကြတာပါ၊ အဲဒီပုဂ္ဂိုလ်များအားလုံး ဆောင်ရွက်ခဲ့တဲ့ အလုပ်တွေအား လုံးဟာပေါ့နော် ဥပဒေပြင်ပမှာမရှိပါဘူး၊ သူတို့က သင်ပြတယ်တရားစွဲတယ်။ ရုံးကိုအကြောင်းကြားတယ်။ ဆိုတဲ့ကိစ္စတွေတာဝန်အဖြစ်လား၊ တကယ်တမ်းရည်ရွယ်ချက်ဆိုတဲ့ အဆင့်မှာရော။ ဒီဥပဒေအရ မှန်မှန်ကန်ကန်လုပ်တာရောဟုတ်ရဲ့လား၊ ကျနော်တို့ သိသလောက်တော့ ဒီဧပြီ ၁၇၊ ၁၈ မှာ ကျနော်တို့ (HRDP) ခရီးစဉ်အောင်မြင်ပါတယ်၊ အဲဒီ ခရီးစဉ်ကိုဖျက်စီး လိုက်တာ။ တကယ်ဥပဒေရဲ့ ဖြစ်စဉ်အမှန်က ကျနော်တို့ဒီ (HRDP)တွေကို လူ ၁၀၀ လောက်ကနေပြီး ကျနော်တို့ကိုဝိုင်းရိုက်တယ်။ မြင်တဲ့လူတွေ၊ သိတဲ့လူတွေ၊ အထောက်အထားတွေ ကျနော်တို့တင်ပြတယ်၊ အဲတာကို (Cross)လုပ်ပြီးတော့ ကျနော်တို့ကို အမှုဆင်တယ်လို့ပဲ ကျနော်ကတော့ယူဆတယ်။
ဦးမြင့်အေးတို့အနေနဲ့ရော ဘယ်လိုဆက်ပြီး ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါသလဲ။
ဦးမြင့်အေး
ကျနော်တို့က ပြည်တွင်းမှာ ဒီကိစ္စကို ဥပဒေအရပေါ့ဗျာ။ အောက်ရုံးရဲ့အဆုံးအဖြတ်ကိုသာ မြို့နယ်အဆင့်၊ တရားရုံးရဲ့အဆုံးအဖြတ်တွေ ဒါဟာ အင်မတန်မှ အာဃာတ အငြိုးကြီးတယ် လို့ကျနော်တော့ မြင်တယ်၊ ဒီ ၅၀၅ (ခ။ ဂ) တို့ဆိုတဲ့ ပုဒ်တွေက ၂ နှစ်ပဲ ချလို့ရတယ်။ အဲဒီ ၂ နှစ်အပြည့်ချတဲ့သူတွေကို ၄ နှစ် ဆက်ပြီး ၈ နှစ် ယူတယ်ဆိုတာ ကတော့ ဒါက လုပ်ချင်မှန်း အလွန် သိသာတယ်၊ တရားမျှတမှုမရှိဘူးလို့ ကျနော်တို့ဘက်က အဲလိုပဲမြင်တယ်၊ ဒါပေမယ့် ကျနော်တို့ ဒီမှာလုပ်ရတဲ့ ဟာကတော့ တရားဥပဒေအရပေါ့ဗျာ။ မြို့နယ်အဆင့်ကနေ ပြီးတော့ ခရိုင်အဆင့်။ ကျနော်တို့ ဥပဒေအကြောင်းအရပဲကျနော်တို့ဆောင်ရွက်လို့ရတယ်၊ အယူခံတွေ အသီးသီးတက်သွားမယ်။ အဲဒီမှာ ကျနော်ပြောချင်တာက ကျနော်တို့က ဘယ်အချက်ကြောင့် အခုလို အထိုးအနှက်ခံနေရတာလဲ။ ကျနော်တို့ ချေမှုန်းခံနေရတာလဲ။ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ပြဌာန်းချက်ကြီးတခုဖြစ်တဲ့ အထွေထွေညီလာခံဆုံးဖြတ်ချက်ကြီးဖြစ်တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကြောင့်ဖြစ် တာလား။ အဲဒီတော့လူ့အခွင့်အရေးကြေညာစာတမ်းကြီးရဲ့ စတင်ဖြစ်ထွန်းပေါ်ပေါက်ရာ အဲဒီအထွေထွေညီလာခံကြီးက ဒီကိစ္စမှာတာဝန်ရှိ ပါတယ်။
ကိုမြင့်နိုင်ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိသလဲ၊ဦးမြင့်အေးတို့ထပ်တွေ့ခွင့် ရပါသေးသလား၊
ဦးမြင့်အေး
ကျနော်ရုံးချိန်းကိုသွားပါတယ်။ မနေ့က ၂၄ ရက်နေ့မှာ ကျနော်ရုံးချိန်းကို သွားတွေ့ပါတယ်။ နှုတ်ဆက်ပါတယ် ကျန်းမာရေးအခြေအနေ ကတော့ ကိုမြင့်နိုင်ကခေါင်းမှူးတယ် ခေါင်းမူးးတယ် ဆိုပြီးတော့ ဒါသူပြောတယ်၊ ဒါပေမယ့် အခုဏ ကပြောသလိုပေါ့ အရိုးကြီးပေါင်းတက် တယ်ဆိုတာကိုလည်းတွေ့ရပါတယ်၊ အရိုးကြီးပေါင်းတက်တဲ့ဆေးလည်း မှာပြီးစောင့်နေတာကို လည်းကျနော်တွေ့တယ်၊ အဲဒီထဲမှာ ကျနော်စိတ်မကောင်းဖြစ်တာက အဲဒီအလှူရှင် အိမ်ရှင်ပေါ့ဗျာ အဲဒီဦးလှရှင်ဟာ အသက်ကလည်း ၇၀ ကျော်ပြီးတော့ သူဟာလေတစ်ခါ ဖြတ်ဘူးတယ်။ အဲသူ့ကျန်းမာရေးနှင့် ထောင်တွင်းမှာ စားရနေရတဲ့ ကျနော်တို့အခြေအနေက တော့ ကျနော်ရင်ထဲမှာ ပူပန်မှုတခုရှိပါတယ်။
လူ့အခွင့်အရေး ပတ်သက်လို့ရှိရင်တော့ ပြည်တွင်းကိစ္စလို့ သတ်မှတ်ထားလို့မရပါဘူး အဲတာကျနော့်အားလုံး ကမ္ဘာပေါ်မှာရှိတဲ့ လူသားအား လုံးနှင့် လူ့အခွင့်အရေးမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ကြီးများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများကို ကျနော်တိုက်တည့်ပြီး ကျနော်ပြောလိုက်ချင်ပါ တယ်၊ ကျနော်တို့ ဗမာပြည်အတွင်းမှာ လူ့အခွင့်အရေးသမားတွေ ရက်ရက်စက်စက် အနိမ့်ကိုခံနေရပါတယ်လို့ ကျနော်ပြောပါတယ်။
RFA
လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ တစ်ဦးဖြစ်တဲ့ ဦးမြင့်အေးကို ဒေါ်နမ်းခမ်းတို့ က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူများကို ထောင်ဒဏ်ချသည့် အပေါ် HREIB က ရှုတ်ချ
ဖနီဒါ (မဇ္ဈိမသတင်းဌာန)
ဇူလိုင်လ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကို နအဖစစ်အစိုးရမှယမန်နေ့က နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်ခြင်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် လူ့အခွင့်အရေးပညာပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB) မှ ယနေ့တွင် အပြင်းအထန် ရှုတ်ချလိုက်သည်။
ယမန်နေ့က ဟင်္သာတမြို့နယ် တရားရုံးမှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုမြင့်နိုင် (ခ) ကိုမြင့်လှိုင် ကို ထောင်ဒဏ် ၈ နှစ် ချမှတ် ကာ၊ ရွာသားများဖြစ်သည့် ကိုမြစိန်၊ ကိုကျော်လွင်၊ ကိုမြင့်၊ ကိုဝင်းနှင့် ကိုလှရှိန် ကို ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီးနောက် အဆိုပါလုပ်ရပ်ကို (HREIB) က ကြေညာချက် တရပ်ထုတ်ပြန်ကာ ရှုတ်ချလိုက်ခြင်းဖြစ်သည်။
“မတရားဖမ်းဆီးမှုကို ကျနော်တို့ လူ့အခွင့်အရေးပညာပေးရေးဌာန(မြန်မာနိုင်ငံ) အနေနဲ့ အပြင်းအထန်ရှုတ်ချတယ်ဆိုတာကို တကမ္ဘာလုံး ကိုသိစေချင်တယ်။ လူ့အခွင့်အရေးပညာပေး သူတွေကို စော်ကားမှုဖြစ်တယ်ဆိုတာတွေ၊ ထိခိုက်မှုတွေဖြစ်တဲ့အတွက် တကမ္ဘာလုံးမှာရှိတဲ့ လူ့အခွင့်အရေးပညာပေးတဲ့သူတွေအပေါ်မှာ မတရားမှုတွေလုပ်တာကို အရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တိုက်တွန်းထားပြီးတော့ ထုတ်ပြန်လိုက်တာဖြစ်တယ်” ဟု HREIB မှ ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် အုတ်ပုံနှင့် အင်္ဂပိုကျေးရွာသို့ လူ့အခွင့်အရေးပညာပေးသူ ကိုမြင့်နိုင်နှင့် ကိုမောင်မောင်လေးတို့ သွားရောက်၍ လူ့အခွင့် အရေးဆွေးနွေးပွဲပြုလုပ် ပြီးနောက် အပြန်တွင် မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ အတွင်း ရေးမှူး ဦးညွန့်ဦး ဦးဆောင်သည့် လူဦးရေ ၁၀၀ ခန့်ရှိသည့် လူအုပ်ကြီးသည် မယကဥက္ကဌ၊ ရဲစခန်းမှူး၊ ဒုရဲအုပ်များနှင့် ရဲတပ်သားများ ရှေ့မှောက်တွင် ရိုက်နှက်ခဲ့သည့်အပြင် ပုဒ်မ ၅၀၅ (ခ၊ ဂ) အရ ဆူပူမှုဖြစ်စေရန်နှင့် အစိုးရကိုအကြည်ညို ပျက်စေရန်ပြုလုပ်မှုများဖြင့် ကျေးရွာရယက ဥက္ကဌများက တရားစွဲဆိုပြီးနောက် ယမန်နေ့တွင် တရားရုံးက ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က၀ိုင်းဝန်းရိုက်နှက်မှုကို စုံစမ်းဖော်ထုတ် ရန်နှင့် အရေးယူပေးရန်အတွက်ဒေသဆိုင်ရာ အာဏာပိုင်များကိုအကြောင်းကြားခဲ့သော်လည်း ယနေ့ထိ အမှုမှန်ကိုဖော်ထုတ်ပေးခြင်းမရှိဘဲ၊ သူတို့ ၆ ဦးကိုသာ ပြစ်ဒဏ်များချမှတ်လိုက် ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)AAPP မှ အတွင်းရေးမှူး ကိုတိတ်နိုင်က လူ့အခွင့် အရေးလှုပ်ရှားနေသူများကိုပင် မတရားသဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထောင်ချနေခြင်းသည် မြန်မာပြည်၌ လူ့အခွင့်အရေး ဆိတ်သုန်းနေ သည်ကို ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု မဇ္ဈိမကိုပြောဆိုခဲ့သည်။
HREIB ၏ ကြေညာချက်တွင် နအဖ အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ ကုလသမဂ္ဂလူ့အခွင့်အရေး ကာကွယ် သူများအပေါ် ကြေညာချက်နှင့်နိုင်ငံတကာ လူ့အခွင့်အရေးများကို ထိန်းသိမ်းသည့်အနေဖြင့် လူ့အခွင့်အရေးကာကွယ်ရေးနှင့် မြှင့်တင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လူ့အခွင့်အရေးကာကွယ်သူများကို တစုံတရာအကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လက်တုံ့ပြန်ခြင်းနှင့် ဖိအားပေးခြင်းများမပြုလုပ်ဘဲ ကာကွယ်စောင့်ရှောက်ပေးသွားရန်နှင့် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသူများကို ခြွင်းချက်မရှိချက်ချင်း ပြန်လွှတ် ပေးရန် ပြင်းထန်စွာတောင်းဆိုလိုက်သည်ဟု ရေးသားထားသည်။
HREIB မှ ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက “လူ့အခွင့်အရေး ပညာပေးတယ်ဆိုတာ အစိုးရတရပ်ကလုပ်ကို လုပ်ပေးရမယ့် တာဝန်ရှိ တယ်။ အခုလိုမျိုး အစိုးရကမလုပ်ပေးတဲ့ အပြင် လူ့အခွင့်အရေးအကြောင်း လူသိဖို့အတွက် လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ပညာပေး သူတွေကို မတရားဥပဒေနဲ့ ဖမ်းဆီးခြင်းဟာ အစိုးရတရပ်ရဲ့ လိုက်နာရမယ့် လူ့အခွင့်အရေးစံချိန်စံညွှန်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ” ဟု ပြောဆိုလိုက်သည်။
|