ဘာသာစကားရွေးချယ်
ဂျော်ဂျာကာတာ လူ့အခွင့်အရေး စံချိန်စံညွှန်းများ PDF Print E-mail
Article Index
ဂျော်ဂျာကာတာ လူ့အခွင့်အရေး စံချိန်စံညွှန်းများ
ဂျော်ဂျာကာတာ လူ့အခွင့်အရေး စံချိန်စံညွှန်းများ ၂
All Pages


အပိုဒ် (၁)    လူသားတိုင်း လူ့အခွင့်အရေးများကို ရရှိခံစားပိုင်ခွင့်
လူသားတိုင်းသည် မွေးဖွားလာကတည်းက လွတ်လပ်ပြီး တန်းတူညီမျှမှုရှိသော ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများရှိသည်။ လိင်စိတ် ခံယူမှုကွဲပြားသောသူများနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာအမျိုးမျိုးရှိသော လူသားများသည်လည်း လူ့အခွင့်အရေးများကို အပြည့်အဝ ခံစားပိုင်ခွင့်ရှိသည်။

နိုင်ငံတော်အစိုးရများသည်
(က) လူ့အခွင့်အရေးများ၏ အဓိကမူဝါဒများဖြစ်သည့် လူသားအားလုံးနှင့်သက်ဆိုင်မှု၊ တခုနှင့်တခု အပြန်အလှန် ဆက်စပ် အမှီသဟဲပြုမှု၊ တခုနှင့်တခု ခွဲခြားသတ်မှတ်၍မရမှုစသည့်အချက်များကို နိုင်ငံတော်၏ အခြေခံဥပဒေနှင့် အခြားသင့်လျော်သည့် ဥပဒေများတွင် ထည့်သွင်းအကောင်အထည်ဖော်ထားရမည်ဖြစ်သလို လူအခွင့်အရေးများအားလုံးကို လူသားတိုင်း လက်တွေ့ရယူ ခံစားနိုင်အောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။
(ခ) လူ့အခွင့်အရေးများကို လူသားတိုင်းရရှိခံစားနိုင်ရန် အာမခံပေးနိုင်ဖို့အတွက် ရာဇဝတ်မှုဥပဒေများအပါအဝင် လိုအပ်သည့် တရား ဥပဒေများကို ပြင်ဆင်ရေးဆွဲရန်၊
(ဂ) လိင်စိတ်ခံယူမှုကွဲပြားသူများ သို့မဟုတ် လိင်သတ်မှတ်မှုဝိသေသလက္ခဏာများရှိသူများအပါအဝင် လူသားအားလုံး လူ့အခွင့် အရေးများကို အပြည့်အဝခံစားနိုင်ရန်အတွက် ပညာပေးမှုအစီအစဉ်များနှင့် အသိအမြင်တိုးမြှင့်ရေးလုပ်ငန်းများကို ပိုမိုတိုးတက် အောင်နှင့် ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားရန်၊
(ဃ) လိင်စိတ်ခံယူမှုကွဲပြားသူများနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာကွဲပြားမှုရှိသူများအပါအဝင် လူသားအားလုံး၏ ဝိသေသ လက္ခဏာများ၏ အပြန်အလှန်ဆက်စပ်နေမှုနှင့် တခုနှင့်တခုခွဲခြားမရမှုများကို အသိအမှတ်ပြုသော ကွဲပြားမှုကိုလက်ခံသည့် ချဉ်းကပ် သည့်နည်းလမ်းများကို နိုင်ငံတော်၏ ပေါ်လစီနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ထည့်သွင်းလုပ်ဆောင်သွားရန်၊

အပိုဒ် (၂) ခွဲခြားဆက်ဆံမှုမှ ကင်းလွတ်ခွင့်နှင့် တန်းတူညီခွင့်

လိင်စိတ်ခံယူမှုကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုအပေါ် ခွဲခြားဖိနှိပ်ခြင်းမရှိဘဲ  လူသားတိုင်း လူ့အခွင့်အရေးများကို တန်းတူခံစားခွင့်ရှိသည်။ လူသားတိုင်း တရားဥပဒေရှေ့တွင်တန်းတူညီဖြစ်ရမည်ဖြစ်ပြီး တရားဥပဒေ၏ အကာအကွယ်ကိုရယူခွင့်ရှိသည်။ အထက်တွင်ဖော်ပြခဲ့သော ခွဲခြားဖိနှိပ်မှုများကို ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရမည်။ ထိုသို့သောခွဲခြားမှုများမှ ထိရောက်သော ကာကွယ်မှုများကို လူတိုင်းတန်းတူရရှိခွင့်ရှိရန် သေချာအောင်လုပ်ဆောင်ရမည်။

လိင်စိတ်ခံယူမှုကွဲပြားသူများနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိသူများအပေါ် ခွဲခြားဆက်ဆံခြင်းဆိုသည်မှာ လိင်စိတ်ကွဲပြားမှုနှင့် လိင်စိတ်သတ်မှတ်မှုကွဲပြားသောဝိသေသများအပေါ် အခြေခံ၍ လူသားများအားလုံး တန်းတူခံစားမှုရှိသော လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များကို ခံစားခွင့်နှင့် တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှု သို့မဟုတ် တရားဥပဒေရှေ့မှောက်တွင် တန်းတူ ကာကွယ်ပေးခြင်းခံစားရမှု သို့မဟုတ် အသိအမှတ်ပြုခံရမှု၊ ရရှိခံစားရမှု သို့မဟုတ် အသုံးချခွင့်များကို ပျက်စီးယိုယွင်း အားနည်းသွားစေလိုသည့် ဆန္ဒဖြင့် ပြုမူသော သို့မဟုတ် သက်ရောက်စေသော ခွဲခြားသတ်မှတ်မှု၊ သီးသန့်ဖယ်ထုတ်မှု၊ ကန့်သတ် ထားမှု သို့မဟုတ် မျက်နှာသာပေးမှုများကို ဆိုလိုသည်။

လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုအပေါ် အခြေခံသည့်ခွဲခြားဆက်ဆံမှုများသည် အများအားဖြင့် လိင်ကွဲပြားမှု၊  လူမျိုး၊ အသက်အရွယ်၊ ကိုးကွယ်သည့်ဘာသာ၊ ကိုယ်အင်္ဂါသန်စွမ်းမှုနှင့် ကျန်းမာရေး၊ စီးပွားရေးအခြေအနေတို့တွင် အခြေခံသည့် အခြားသော ခွဲခြားဆက်ဆံမှုများနှင့် ရောနှောယှက်တင်နေတတ်လေ့ရှိသည်။

နိုင်ငံတော်အစိုးရများသည်
(က) တန်းတူညီမျှမှုနှင့် လိင်စိတ်ခံယူမှုကွဲပြားမှုနှင့် လိင်သတ်မှတ်မှုကွဲပြားသောဝိသေသလက္ခဏာများအပေါ် အခြေခံသည့် ခွဲခြား ဆက်ဆံမှုမရှိရန်ဆိုသော မူဝါဒများကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသင့်လျှော်သည့် ဥပဒေများထဲတွင် ထည့်သွင်း အကောင်အထည်ဖော်ရမည်။ အကယ်၍ မရှိသေးပါက ဥပဒေများကို ပြုပြင်ပြောင်းလဲခြင်းနှင့် အ”ိပ္ပာယ် ဖွင့်ဆိုရှင်းလင်းမှုများကို လုပ်ဆောင်ခြင်းများအပါအဝင် ထိုမူဝါဒများကို အမှန်တကယ် ထိရောက်စွာ လိုက်နာကျင့်သုံးရန် တာဝန်ယူ လုပ်ဆောင်ရမည်။
(ခ) အရွယ်ရောက်ပြီးသူများအကြား လိင်တူဆက်ဆံခြင်းအပေါ် တားမြစ်ပိတ်ပင်သည့် လက်ရှိကျင့်သုံးနေသော ရာဇဝတ်မှုဆိုင်ရာ ဥပဒေများနှင့် အခြားတရားဥပဒေဆိုင်ရာအပိုဒ်များကို ဖျက်သိမ်းရမည်။ ဆန္ဒတူလိင်ဆက်ဆံနိုင်သော အသက်အရွယ်ကို သတ်မှတ်ရာတွင်လည်း လိင်တူ၊ လိင်ကွဲဆက်ဆံသူ နှစ်မျိုးလုံးအတွက် သတ်မှတ်ချက်တန်းတူဖြစ်ရမည်။

(ဂ) လူသူအများရှေ့နှင့် ပုဂ္ဂုလိကကိုယ်ရေးကိုယ်တာကိစ္စများတွင် လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှု များအပေါ်အခြေခံသည့် ခွဲခြားမှုများကို တားဆီးပိတ်ပင်သည့်၊ ပပျောက်စေမည့် တရားဥပဒေများပြဌာန်းခြင်းနှင့် အခြားသော လုပ်ဆောင်မှုများကို ချမှတ်လုပ်ဆောင်ရမည်။

(ဃ) လိင်စိတ်ကွဲပြားမှုပုံစံအမျိုးမျိုးရှိသောသူများအတွက် လုံလောက်သော တိုးတက်မှုများရရှိအောင် သင့်လျှော်သည့်လုပ်ဆောင်မှုများ လုပ်ဆောင်ပေးရမည်။ ထိုသို့သောသူများ သို့မဟုတ် အုပ်စုများအနေဖြင့် လူ့အခွင့်အရေးများကို တန်းတူခံစားခွင့် သို့မဟုတ် ကျင့်သုံးခွင့်များရရှိအောင် လုပ်ဆောင်ပေးရန် လိုအပ်ကောင်းလိုအပ်ပေလိမ့်မည်။ ထိုသို့လုပ်ဆောင်ချက်များသည် ခွဲခြားဖိနှိပ်မှုများဖြစ်စေသော လုပ်ဆောင်မှုမျိုးမဖြစ်စေရ။

(င) လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုများအပေါ်အခြေခံသည့် ခွဲခြားဖိနှိပ်မှုများကို တုန့်ပြန်လုပ်ဆောင်ရာတွင် ထိုသို့သောခွဲခြားမှုများသည် အခြားသောခွဲခြားဖိနှိပ်မှုများနှင့် ဆက်နွယ်နေသည်ကို သတိမူရမည်။

(စ) လိင်စိတ်ကွဲပြားမှု သို့မဟုတ် လိင်သတ်မှတ်မှုဝိသေသလက္ခဏာ သို့မဟုတ် လိင်အပေါ်အခြေခံသော ထုတ်ဖော်ပြောဆိုမှုများနှင့်ပတ်သက်၍ မည်သည့်အရာက မြင့်မြတ်သည် နိမ့်ကျသည်ဟူသောအယူအဆနှင့်ဆက်စပ်၍ အထင်အမြင်သေးသော သို့မဟုတ် ခွဲခြားသော အမြင်များနှင့် အမူအကျင့်များပပျောက်အောင်လုပ်နိုင်မည့် သင့်တော်သောလုပ်ဆောင်မှုများ ( ပညာပေးခြင်းနှင့် သင်တန်းပေးခြင်း အစီအစဉ်များအပါအဝင်) ကို လုပ်ဆောင်ရမည်။

အပိုဒ် (၃) ဥပဒေရှေ့တွင် အသိအမှတ်ပြုခံခွင့်
လူတိုင်း မည့်သည့်နေရာတွင်မဆို ဥပဒေရှေ့တွင် အသိအမှတ်ပြုခံခွင့်ရှိသည်၊ မတူကွဲပြားသည့် လိင်စိတ်ကွဲပြားမှုနှင့် လိင် သတ်မှတ်မှုဝိသေသလက္ခဏာရှိသောသူများသည် ဘဝ၏အစိတ်အပိုင်းများအားလုံးတွင် တရားဥပဒေဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း များကို ခံစားခွင့်ရှိသည်။ လူတဦးတယောက်ချင်း၏ လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုများသည် ထိုသူတို့၏ ပုဂ္ဂလိက အကြောင်းအရာများဖြစ်ပြီး လူတယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ ဂုဏ်သိက္ခာနှင့် လွတ်လပ်ခွင့်တို့၏ အခြေခံကျသော အပိုင်းဖြစ်သည်။ မည်သူတဦးတယောက်ကိုမှ ထိုသူ၏ လိင်သတ်မှတ်မှုဝိသေသလက္ခဏာကို တရားဥပဒေအရ အသိအမှတ်ပြုရန် လိုအပ်ချက်ကြောင့် လိင်အဂါင်္ပြန်လည်ပြောင်းလဲစေခြင်း ၊ မျိုးပွားမှုဆိုင်ရာ ဆေးဝါးများနှင့် ဟိုမုန်းများဖြင့် ကုသခြင်းများအပါအဝင် ဆေးပညာအရလုပ်ထုံးလုပ်ထုံးများကို အတင်းအကြပ်လုပ်ဆောင်စေခြင်းများ မပြုရ။  လူတယောက်၏ လိင်သတ်မှတ်မှုဝိသေသများကို တရားဥပဒေအရအသိအမှတ်ပြုခြင်းကို တားမြစ်ပိတ်ပင်နိုင်ရန်အတွက် လက်ထပ်ထိမ်းမြားခြင်း သို့မဟုတ် မိဘဖြစ်ခွင့်စသည့် အဆင့် အတန်းများကို ပယ်ဖျက်ခြင်းမပြုရ။ မည်သူတဦးတယောက်ကိုမှ ထိုသူ၏ လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာရှိမှုကို ဖုံးကွယ်ရန်၊ မဖော်ပြရန်နှင့် ငြင်းပယ်ရန် ဖိအားပေးခြင်းမျိုး မရှိစေရ။

နိုင်ငံတော်အစိုးရများသည်
(က) လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုများအပေါ် အခြေခံသည့် ခွဲခြားမှုများမရှိဘဲ လူတိုင်း အများနှင့် သက်ဆိုင်သည့်ရေးရာများတွင် ဥပဒေအရ လုပ်ဆောင်နိုင်စွမ်းများရှိအောင် လုပ်ဆောင်ပေးရမည်။ ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိရန် အတွက် စာချုပ်များ ချုပ်ဆိုပိုင်ခွင့်နှင့် ကိုယ်ပိုင်ပစ္စည်းများအား စီမံခွင့်၊ ပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ခန့်ခွဲဆောင်ရွက်ခွင့်၊ ရရှိခံစားခွင့်နှင့် ကိုင်တွယ်ဆောင်ရွက်ခွင့်များအပါအဝင် တန်းတူအခွင့်အရေးများကို လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်။

(ခ) မိမိတဦးတယောက်ချင်း လက်ခံသတ်မှတ်ထားသော လိင်သတ်မှတ်မှုဝိသေသလက္ခဏာအား လူတိုင်းအနေဖြင့် အပြည့်အဝ လေးစားမှုခံယူနိုင်ရန်နှင့် တရားဥပဒေအရ အသိအမှတ်ပြုခံနိုင်ရန်အတွက် လိုအပ်သော တရားဥပဒေပြုခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အခြားသော လုပ်ဆောင်မှုများကို လုပ်ဆောင်ရမည်။

(ဂ)လူတဦး၏ လိင်ကွဲပြားမှုကိုဖော်ပြသည့် နိုင်ငံတော်၏ အထောက်အထားစာရွက်စာတမ်းများ - မွေးစာရင်း၊ နိုင်ငံကူးလက်မှတ်၊ မဲပေး ခွင့်မှတ်တမ်းနှင့် အခြားအထောက်အထားများ- ကိုထုတ်ပေးသည့်လုပ်ထုံးလုပ်နည်းများထဲတွင် ထိုပုဂ္ဂိုလ်၏ လိင်သတ်မှတ်မှု ဝိသေသ များကို ထင်ဟပ်ဖော်ပြနိုင်စေရန် တရားဥပဒေပြုခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အခြားလိုအပ်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ရမည်။

(ဃ) ထိုသို့လုပ်ဆောင်သော လုပ်ထုံးလုပ်နည်းများသည် စည်းစနစ်ကျသော၊ မျှတသော၊ ခွဲခြားဖိနှိပ်မှုကင်းသော၊  ထိုသူ၏ ဂုဏ်သိက္ခာ နှင့် ကိုယ်ရေးကိုယ်တာပိုင်းဆိုင်ရာအပေါ် လေးစားသောပုံစံမျိုးဖြစ်ရန် သေချာအောင်လုပ်ဆောင်ရမည်။

(င) လူတဦး၏ လိင်ကွဲပြားမှုနှင့်ပတ်သက်၍ ဥပဒေ သို့မဟုတ် ပေါ်လစီအရ ဖော်ပြရန်လိုသည့်အခြေအနေမျိုးတွင် ထိုမှတ်ပုံတင်စာရွက် များအား ပြောင်းလဲမှုကို အခြေအနေတိုင်းတွင် အသိအမှတ်ပြုရန် သေချာအောင် လုပ်ဆောင်ရမည်။
(စ) လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုနှင့် ခွဲစိတ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရသောသူများကို လူမှုပိုင်းဆိုင်ရာအစီအစဉ်များ ပေးနိုင်ရန် ပစ်မှတ်ထားလုပ်ဆောင်ရမည်။

အပိုဒ် (၄)  အသက်ရှင်ရပ်တည်ခွင့်


လူတိုင်း အသက်ရှင်ရပ်တည်ခွင့်ရှိသည်။ မည်သူတဦးတယောက်ကိုမှ လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုနှင့် ကြောင့်အပါအဝင် အခြားအကြောင်းများကြောင့် အသက်ရှင်မှုကို တရားလက်မဲ့ဖယ်ရှားခြင်းမပြုရ။ အသက်အရွယ်ပြည့်ပြီးသူများ အကြား နှစ်ဦးသဘောတူဖြင့် ဖြစ်ပျက်သည့်လိင်မှုကိစ္စအပေါ် အခြေခံ၍သော်လည်းကောင်း၊ လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာရှိမှုများအပေါ် အခြေခံ၍သော်လည်းကောင်း မည်သူတဦးတယောက်ကိုမျှ သေဒဏ်ချမှတ်ခြင်းမပြုရ။

နိုင်ငံတော်အစိုးရများသည်


(က) အသက်အရွယ်ပြည့်ပြီးသူများအကြား နှစ်ဦးသဘောတူ လိင်တူချင်းဆက်ဆံမှုများအပေါ်တားမြစ်မှုနှင့်ပတ်သက်သည့် ရာဇဝတ် ဥပဒေပုံစံအမျိုးမျိုးကို ပယ်ဖျက်ရမည်။ ထိုသို့မပယ်ဖျက်နိုင်သေးမချင်းကာလအတွင်း ထိုအမှုကြောင့် မည်သူတဦးတယောက်ကိုမှ သေဒဏ်မချမှတ်ရ။

(ခ) အသက်အရွယ်ပြည့်ပြီးသူများအကြား နှစ်ဦးသဘောတူလိင်တူခြင်းဆက်ဆံမှုကြောင့် သေဒဏ်ကျခံရန် လက်ရှိစောင့်ဆိုင်းနေသော သေဒဏ်အမှုများကို ပယ်ဖျက်၍ ထိုသူများကို ပြန်လည်လွှတ်ပေးရမည်။

(ဂ) အစိုးရက အားပေးလှုံ့ဆော်သော သို့မဟုတ် အစိုးရကိုယ်တိုင်က ကျူးလွန်နေသည့် လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှု ဝိသေသလက္ခဏာရှိမှုများအပေါ်အခြေခံသည့် တိုက်ခိုက်မှုမှန်သမျှကို ရပ်တံ့ရမည်။ ထိုတိုက်ခိုက်မှုများကို အစိုးရ၏ တာဝန်ရှိသူများက ကျူးလွန်သည်ဖြစ်စေ အခြားလူတဦး သို့မဟုတ် အုပ်စုတစုကကျူးလွန်သည်ဖြစ်စေ ထိုကျူးလွန်မှုများကို အစွမ်းကုန်စုံစမ်းစစ်ဆေးရမည်။ သင့်လျော်သော သက်သေအထောက်အထားများတွေ့ရှိပါက ထိုတာဝန်ရှိသူများကို အရေးယူခြင်း၊ ရုံးတင်စစ်ဆေးခြင်းနှင့် ထိုက်တန် သော ပြစ်ဒဏ်ကို ချမှတ်ပေးရမည်။

အပိုဒ် (၅) အသက်ရှင်လုံခြုံခွင့်

လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုမရွေး လူသားတိုင်း အသက်ရှင်လုံခြုံခွင့်ရှိသလို အစိုးရဝန်ထမ်းများနှင့်ဖြစ်စေ အခြားလူတဦးတယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ကိုယ်ထိလက်ရောက် အကြမ်းဖက်ကျူးလွန်ခြင်းမျိုးရှိပါက အစိုးရ၏ ကာကွယ် ပေးမှုကို ရရှိခံစားခွင့်ရှိသည်။

နိုင်ငံတော်အစိုးရများသည်
(က) လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုများနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုနှင့် စော်ကားနှောက်ယှက်မှု နည်းမျိုးစုံအားတားဆီးပြီး ကာကွယ်မှုများပေးရန် လိုအပ်သည့် ပေါ်လစီများချမှတ်ခြင်းနှင့် အခြားလုပ်ဆောင်မှုများကို လုပ်ဆောင်ရမည်။

(ခ) မိသားစုအသိုင်းအဝိုင်းအပါအဝင် ဘဝ၏ အစိတ်အပိုင်းများတွင် လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာ ရှိမှုများအပေါ်အခြေခံ၍ လူတဦး သို့မဟုတ် အုပ်စုတစုအပေါ် အကြမ်းဖက်ခြင်း၊ အကြမ်းဖက်ရန် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ရန် သွေးထိုးလှုံ့ဆော်ခြင်းနှင့် နှောက်ယှက်စော်ကားမှုအား ထိုက်သင့်သောရာဇဝတ်အပြစ်ပေးမှုများချမှတ်နိုင်ရန် လိုအပ်သော ဥပဒေပိုင်း လုပ်ဆောင်မှုများကို လုပ်ဆောင်ရမည်။

(ဂ) ကျူးလွန်ခံရသောသူ၏ လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုကြောင့် ထိုကျူးလွန်ခြင်းအား သက်သာခွင့် ပြုခြင်း၊  ဆင်ခြေပေးနိုင်ခြင်း သို့မဟုတ် ပြစ်မှုလျော့နည်းစေခြင်းတို့မဖြစ်အောင် ဥပဒေပြုရေး၊ ၊အုပ်ချုပ်ရေးနှင့် အခြားဆောင်ရွက်ချက် များဖြင့် လိုအပ်သလို လုပ်ဆောင်ပေးရမည်။

(ဃ) ထိုသို့သောပြစ်မှုကျူးလွန်မှုမျိုးကို ထိရောက်စွာ စုံစမ်းစစ်ဆေးရမည်ဖြစ်သလို ပြစ်မှုထင်ရှားကြောင်း ခိုင်လုံသည့်အထောက်အထား ရှာဖွေတွေ့ရှိပါက တရားစီရင်ခြင်း၊ ရုံးတင်စစ်ဆေးခြင်းနှင့် ထိုက်သင့်သည့်ပြစ်ဒဏ်ချမှတ်အပြစ်ပေးခြင်းများကို လုပ်ဆောင်ရမည်။ ကျူးလွန်ခံရသူကို နစ်နာကြေးအပါအဝင် သင့်လျော်သော ပြန်လည်ကုစားမှုများ ပြုလုပ်ပေးရန် သေချာစွာ လုပ်ဆောင်ရမည်။
(င) လိင်စိတ်ကွဲပြားမှုနှင့် လိင်သတ်မှတ်မှုဝိသေသလက္ခဏာရှိမှုများနှင့်ပတ်သက်သည့် အကြမ်းဖက်မှုများ၏ ရေသောက်မြစ်ဖြစ်သည့် ရှေးရိုးစွဲအမြင်ပုံစံသတ်မှတ်ချက်များကို တိုက်ဖျက်နိုင်ရန်အတွက် ထိုကဲ့သို့သောအကြမ်းဖက်မှုမျိုးကို အမှန်တကယ်ကျူးလွန်သူများ၊ ကျူးလွန်ရန်ဖြစ်နိုင်ချေရှိသောသူများနှင့် အများပြည်သူလူထုကိုဦးတည်၍ အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်ပေးရမည်။

 

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)

G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.

email : hreburma@loxinfo.co.th