ဘာသာစကားရွေးချယ်
အရှေ့တောင်အာရှ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်များနှင့် လုပ်ထုံးလုပ်နည်းများ PDF Print E-mail
Written by HREIB   
Monday, 19 October 2009 00:01
Article Index
အရှေ့တောင်အာရှ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်များနှင့် လုပ်ထုံးလုပ်နည်းများ
All Pages

အာဆီယံချာတာ၏ အပိုဒ် (၁၄) အရ အရှေ့တောင်အာရှအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်သည် အောက်ပါ လုပ်ပိုင်ခွင့် များနှင့် လုပ်ထုံးလုပ်နည်းများအရ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

(၁)    ရည်ရွယ်ချက်
အရှေ့တောင်အာရှ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်သည်
၁-၁။ အာဆီယံပြည်သူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ တိုးတက်စေရန်နှင့် ကာကွယ်ပေးရန်၊
၁-၂။ အာဆီယံပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် သာယာဝပြောစွာနေထိုင်နိုင်ခွင့်ကို ရရှိခံစားစေရန်၊
၁-၃။ အာဆီယံချာတာတွင် ဖော်ပြထားသော အာဆီယံ၏ ရည်ရွယ်ချက်များဖြစ်သည့် ဒေသတွင်း တည်ငြိမ်ရေးနှင့် သဟဇာတ ဖြစ်မှုများ၊ အာဆီယံအဖွဲ့ဝင်များအကြား ရင်းနှီးချစ်ကြည်မှုများ၊ အာဆီယံရပ်ဝန်းတည်ဆောက်ရေးလုပ်ထုံးလုပ်နည်းများအတွင်း အာဆီယံပြည်သူများ၏ သာယာဝပြောရေး၊ လူနေမှုအဆင့်အတန်းနှင့် ပါဝင်မှုများ တိုးတက်မြင့်မားရေးကို အမှန်တကယ်ခံစားနိုင် ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ရေး၊
၁-၄။ နိုင်ငံများနှင့် ဒေသအတွင်း ဝိသေသလက္ခဏာများရှိသည်ကို အသိအမှတ်ပြုကာ မတူကွဲပြားသည့်သမိုင်းနောက်ခံ၊ ယဉ်ကျေး မှုအခြေအနေနှင့် ဘာသာရေးနောက်ခံများကို လေးစားပြီး အခွင့်အရေးနှင့် တာဝန်ရှိမှုကို ထည့်သွင်းစဉ်းစားသည့် ဒေသအတွင်း အခြေအနေများနှင့်လဲ သင့်လျော်သော လူ့အခွင့်အရေးများ ထွန်းကားအောင်လုပ်ဆောင်ရန်၊
၁-၅။ လူ့အခွင့်အရေးထွန်းကားရေးနှင့် ကာကွယ်ရေးတို့အတွက် နိုင်ငံတော်နှင့် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို အကျိုးပြုစေသည့် အနေဖြင့် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်နိုင်ရန်၊
၁-၆။ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဗီယင်နာ ကြေညာချက်နှင့် လုပ်ငန်းအစီအစဉ်များအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များပါ လူ့အခွင့်အရေးစံချိန်စံညွန်းများ ရရှိခံစားနိုင်အောင် လုပ်ဆောင်ရန်၊

(၂) မူဝါဒများ
ကော်မရှင်သည် အောက်ပါမူဝါဒများအတိုင်း ဦးတည်လုပ်ဆောင်သွားမည်ဖြစ်သည်။
၂-၁။ အာဆီယံချာတာ၏ အပိုဒ် (၂) တွင်ဖော်ပြထားသော မူဝါဒ အထူးသဖြင့်အောက်ပါအချက်များကို လေးစားလိုက်နာစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်မှု၊ အချုပ်အခြာတည်တံ့ခိုင်မြဲမှု၊ တန်းတူညီမျှမှု၊ နယ်နမိတ်တည်ရှိမှုနှင့် အမျိုးသား ဝိသေသလက္ခဏာများကို လေးစားသွားမည်။
(ခ) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်းမရှိရ။
(ဂ) အဖွဲ့ဝင်နိုင်ငံတိုင်းအနေဖြင့် ပြည်ပဝင်ရောက်စွတ်ဖက်မှုများ၊ သြဇာလွှမ်းမိုးမှုများနှင့် အကြပ်ကိုင်မှုများမှကင်းလွတ်၍ နိုင်ငံတခု အနေဖြင့် တည်ရှိနိုင်ခွင့်ရှိရေးကို လေးစားသွားမည်။
(ဃ) တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုစနစ်ကောင်းတည်ရှိရေးနှင့် ဒီမိုကရေစီကျင့်စဉ်များနှင့် ဖွဲ့စည်းပုံအခြေခံခိုင်မာသော အစိုးရ များပေါ်ထွန်းရေးကို ကြိုးပမ်းသွားမည်။
(င) အခြေခံလွတ်လပ်ခွင့်များအား လေးစားခြင်း၊ လူ့အခွင့်အရေးများ ထွန်းကားရေးနှင့် ကာကွယ်ရေး နှင့် လူမှုတရားမျှတရေးတို့ အား တိုးတက်အောင်လုပ်ဆောင်ခြင်း၊
(စ) ကုလသမဂ္ဂချာတာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေများအပါအဝင် နိုင်ငံတကာဥပဒေများ ထွန်းကားလာစေရေး၊
(ဆ) မတူကွဲပြားသည့်ကြားမှ စည်းလုံးညီညွတ်မှုအပေါ် တူညီသည့် တန်ဖိုးထားမှုများကို အလေးအနက်ထားပြီး အာဆီယံပြည်သူ များအကြားရှိ မတူညီသော ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် ယုံကြည်ကိုးကွယ်မှုများကို လေးစားရန်၊

၂-၂။ လူ့အခွင့်အရေးသဘောတရားများဖြစ်သော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များသည် လူသားအားလုံးနှင့် သက်ဆိုင်ခြင်း၊ တခုနှင့်တခု ခွဲခြား၍ မရခြင်း၊ တခုနှင့်တခု အပြန်အလှန်ဆက်စပ်မှီတွယ်နေခြင်းစသည့်အချက်များကို လေးစားခြင်း၊ ထို့အပြင် မျက်နှာမလိုက်ခြင်း၊ ဓမ္မဓိဌာန်ကျခြင်း၊ သီးသန့်ရွေးချယ်မှုမပြုခြင်း၊ ခွဲခြားဖိနှိပ်မှုကင်းခြင်းများကို လေးစား၍ တဦးနှင့်တဦး တမျိုးစီဆက်ဆံခြင်းနှင့် နိုင်ငံရေးအသွင်ပြုခြင်းများကို ရှောင်ရှားသည်။

၂-၃။ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ထွန်းကားရန်နှင့် ကာကွယ်ရန် အဓိကရှိမှုမှာ အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဖြစ် ကြောင်း အသိအမှတ်ပြုသည်။

၂-၄။ လူ့အခွင့်အရေးများကို ထွန်းကားအောင်လုပ်ဆောင်ရာနှင့် ကာကွယ်ရာတွင် အကျိုးပြုပြီး ထိပ်တိုက်ရင်ဆိုင်မှုမရှိသော ချဉ်းကပ်မှုများဖြင့် လုပ်ဆောင်သွားရန်

၂-၅။ အာဆီယံဒေသအတွင်း လူ့အခွင့်အရေးစံများနှင့် စံချိန်စံညွန်းများ တိုးတက်လာစေနိုင်ရေးအတွက် တဆင့်ချင်းတဆင့် တိုးတက်ပြောင်းလဲစေသော ချဉ်းကပ်မှု (Evolutionaryh) ကို ချမှတ်ဆောင်ရွက်ရန်၊

(၃)    အစိုးရများအကြား တိုင်ပင်ခံအဆင့်ရှိသောဌာန

ကော်မရှင်သည် အစိုးရများဖြင့်ဖွဲ့စည်းထားသည့် ဌာနတခုဖြစ်ပြီး အာဆီယံအဖွဲ့အစည်း၏ အစိတ်အပိုင်းတခုအနေဖြင့် တည်ရှိ သည့် အတိုင်ပင်ခံအဆင့်ရှိသော ဌာနဖြစ်သည်။

(၄) လုပ်ပိုင်ခွင့်များနှင့် လုပ်ဆောင်မှုများ
၎-၁။ အာဆီယံရပ်ဝန်းတည်ဆောက်ရေးနှင့်အတူ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ထွန်းကားရေးနှင့် ကာကွယ်ရေး အတွက် နည်းဗျူဟာများကို ဖော်ဆောင်ရေး၊
၎-၂။ အာဆီယံအဖွဲ့အတွင်းရှိနေသော သဘောတူစာချုပ်များနှင့် လူ့အခွင့်အရေးနှင့် ဆက်စပ်နေသော အခြားစာချုပ်စာတမ်းများမှတဆင့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်မည့် အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်းတခု ပေါ်ပေါက်လာစေရန်၊
၎-၃။ အာဆီယံပြည်သူများအကြား လူ့အခွင့်အရေးနှင့်ပတ်သက်၍ အသိအမြင်များ တိုးတက်လာစေရေးကို ပညာပေးလုပ်ငန်းများ၊ သုတေသနလုပ်ခြင်းများနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်းများဖြင့် လုပ်ဆောင်ရန်၊
၎-၄။ အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူလက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် စွမ်းရည်မြှင့်ခြင်းများကို တိုးတက်လုပ်ဆောင်သွားရန်၊
၎-၅။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို လက်မှတ်ရေးထိုးလာစေရန် အားပေးမှုများ လုပ်ဆောင်သွားရန်၊
၎-၆။ လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အာဆီယံစာချုပ်စာတမ်းများကို အပြည့်အဝအကောင်အထည်ပေါ်လာစေရန်အတွက် တိုးမြှင့်လုပ်ဆောင်သွားရန်၊
၎-၇။ ပန်ကြားအကူအညီတောင်းမှုများရှိလာပါက အာဆီယံအဖွဲ့ရှိ အခြားဌာနများအား လူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးမှုများနှင့် အကူအညီများ ပံ့ပိုးပေးရန်၊
၎-၈။ အာဆီယံချာတာ၏ အပိုဒ် (၅) တွင် ဖော်ပြထားသည့်အတိုင်း လူမှုအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများအပါအဝင် အာဆီယံအဖွဲ့အတွင်းရှိ အခြားဌာနများနှင့် အာဆီယံနှင့်သက်ဆိုင်သည့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်ရန်၊
၎-၉။ လူ့အခွင့်အရေး ထွန်းကားရေးနှင့် ကာကွယ်ရေးလုပ်ဆောင်နေသော အခြား နိုင်ငံတော်၊ ဒေသနှင့် နိုင်ငံတကာဌာနများ အဖွဲ့အစည်းများနှင့် သင့်လျော်သလို တိုင်ပင်မှုများလုပ်ဆောင်ရန်၊
၎-၁ဝ။ လူ့အခွင့်အရေးထွန်းကားရေးနှင့် ကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ရယူရန်၊
၎-၁၁။ အာဆီယံအဖွဲ့၏ လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် ယေဘူယျချဉ်းကပ်မှုများနှင့် ရပ်တည်ချက်များ တိုးတက်လာအောင် လုပ်ဆောင်ရန်၊
၎-၁၂။ အာဆီယံဒေသအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ လေ့လာမှုများကို ပြင်ဆင်ရန်၊
၎-၁၃။အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေးသို့ ကော်မရှင်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ နှစ်စဉ်အစီရင်ခံတင်ပြရန်  သို့မဟုတ် လိုအပ်မှုအရ တင်သွင်းရမည့် အစီရင်ခံစာများကို အစီရင်တင်ပြရန်၊
၎-၁၄။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးက လိုအပ်သလို တာဝန်ပေးသည့် အခြားတာဝန်များကို ထမ်းဆောင်ရန်၊

(၅) ဖွဲ့စည်းပုံ
အဖွဲ့ဝင်များ

၅-၁။ ကော်မရှင်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြင့် ဖွဲ့စည်းရမည်။
၅-၂။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် ကော်မရှင်တွင် တာဝန်ထမ်းဆောင်ရန် အစိုးရက ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်တဦးစီကို တာဝန်ခန့်အပ်နိုင်သည်။


Last Updated on Wednesday, 21 October 2009 21:46
 

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)

G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.

email : hreburma@loxinfo.co.th