ဘာသာစကားရွေးချယ်
ကလေးသူငယ် အခွင့်အရေး မြန်မာတွင် နိမ့်ကျနေဆဲ PDF Print E-mail
Written by HREIB   
Thursday, 19 November 2009 05:42

ရန်ပိုင် (ဧရာဝတီ)

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူညီချက် ချူပ်ဆိုခဲ့သည်မှာ ယနေ့တွင်နှစ် (၂၀) ပြည့်မြောက်သည့် အတွက် စစ်အစိုးရက နေပြည်တော်တွင် အခမ်းအနား ပြုလုပ်ကြောင်း သိရသည်။

ထိုသို့မြန်မာစစ်အစိုးရက အခမ်းအနားပြုလုပ်နေသော်လည်း မြန်မာနိုင်ငံတွင်ကလေးအခွင့်အရေးနှင့် ပတ်သက်၍ တစုံ တရာတိုးတက်မှု မတွေ့ရှိရသေးကြောင်း လူ့အခွင့်အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) HREIB အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။

“ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတယ်၊ သေဆုံးမှုက အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တယ်” ဟု၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ ကလေးသူငယ်များ၏ ပညာရေးကဏ္ဍတွင် ကျောင်းထွက်မှုနှုန်းများ မြင့်မားနေပြီး၊ ကလေးများ အနာဂတ် အတွက် ပညာရေး အရည်အသွေးများ ကျဆင်းနေသည့်အတွက် ဖွံဖြိုးတိုးတက်မှုတွင် နိမ့်ကျလာနေကြောင်းလည်း ဦးအောင်မျိုးမင်းက ထောက်ပြဝေဖန်သည်။

အလုပ်သမားများ အရေးကိုတက်ကြွစွာဆောင်ရွက်ပေးနေသည့် ပဲခူးမြို့မှ ရှေ့နေကြီး ဦးအေးမြင့်ကလည်း မြန်မာနိုင်ငံ တွင် မေလမှ နိုဝင်ဘာလအတွင်း ကျောင်းနေအရွယ်ကလေး ၁၁၂ ဦး အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ ရသည်ဟု ဧရာဝတီကို ပြောသည်။

“အခု တနလာင်္နေ့ကတင် ကလေးတွေ မိဘတွေက အိုင်အယ်လ်အို ကို တိုင်ထားသေးတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကလေးနှစ်ဦးမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အသက် (၁၅)နှစ်အရွယ်ရှိ မောင်ရဲနောင်ဟိန်းနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ အသက် (၁၆)နှစ်ရှိ မောင်ကျော်မင်းဦး တို့ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဥပဒေ၌ အသက်၁၈နှစ်အောက် မည်သူကိုမဆို စစ်မှုထမ်းစေ ခြင်းမှ တားဆီးရမည်ဟု ပြဋ္ဌာန်း သတ်မှတ်ထားကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင်လည်း မြန်မာစစ်အစိုးရအား ကလေး စစ်သား စုဆောင်းမှုနှင့် အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်မှ အဓမ္မစုဆောင်းခြင်းကိုခံနေရသည်သာမက ပညာရေးကိုစွန့်ပစ်ပြီး အန္တရာယ် ရှိသည့် လုပ်ငန်းခွင်များနှင့် ကားဝပ်ရှော့၊ လက်မှုလုပ်ငန်းများ နှင့် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်များတွင်ပါ လုပ်ကိုင် နေရကြောင်း ရန်ကုန်မြို့ခံတဦးကလည်းပြောသည်။

“အခုနောက်ပိုင်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးတွေတင်မကဘူး၊ ပွဲရုံတန်းတွေဘက်မှာ ကလေးတွေအလုပ်တွေလုပ် နေကြတယ်”ဟု အဆိုပါမြို့ခံကဆိုသည်။

မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသည်ဆိုသော်လည်း၊ ၎င်းစာချုပ်ပါ အချက် အလက်များကို ပြည်သူလူထုသိရှိစေရန် ပညာပေးမှုနည်းပါးခြင်း၊ အကောင်အထည်ဖော်ဆောင်ရန် အစိုးရ၏ ဘဏ္ဍာ ငွေသုံးစွဲမှုမှာ နည်းပါးခြင်းတို့ကြောင့် ကလေးများ၏ ဘ၀သည်ပီပြင်စွာ ရှင်သန်နိုင်မည်မဟုတ်ကြောင်း ထို့ကြောင့် အနာဂတ် မြန်မာပြည်အတွက် များစွာ ထိခိုက်နစ်နာနိုင်ကြောင်း ဦးအောင်မျိုးမင်းက သုံးသပ်သည်။

ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်ရောက်မှသာလျှင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း (၅၄)ချက်ပါဝင်ပြီး၊ အချက် (၄၀)အထိ ကလေးအခွင့်အရေးဖော်ပြထားပြီး၊ ကျန် ၁၄ချက်သည် အစိုးရ များဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိသက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ်သတ်မှတ်ထားကာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ လူငယ်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

 

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)

G.P.O Box G.P.O Box 485, Chiang Mai 50000, Thailand.

email : hreburma@loxinfo.co.th